ရေလယ်ဘုရားကမ်းခြေ

Yelepaya Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း(ZA RA MAN)

ကျိုက္ခမီမြို့၏ အနောက်ဘက်သို့ မျှော်ကြည့်လိုက်သော် မျက်စိတဆုံး အနှုန်းကျယ်လှသည့် ပင်လယ်ကြီးကို တွေ့ရမည်ဖြစ်သည်။ ဖြူလွလွ ဘော်ငွေရောင် သဲသောင်ပြင်ကြီး၏အလယ်တွင် ကြိုကြားပေါ်နေသော ကျောက်တောင် ကျောက်စွယ်များသည် မဟူရာ ကျောက်ကလေးများ စီထားသကဲ့သို့ ကျိုက္ခမီငွေသောင်ယံ၏အလှကို အားဖြည့်ထားသကဲ့သို့ ရှိချေသည်။ ပင်လယ်ဒီရေလှိုင်ကလေးများ အကြားတွင် မြုပ်ချည် ပေါ်ချည် ရှိနေသော ကျောက်ဆောင် ကျောက်တန်းကလေးများ၏ သဘာဝအလှမှာ ကျိုက္ခမီရေလယ်ဘုရားဖူးဧည့်သည်တော်များ၏ စိတ်နှလုံးကို ထာဝရ အေးချမ်းစေသည်။ ဤမျှ သာယာလှပသော ကမ်းခြေပေါ်တွင် တန်ခိုးကြီး ထင်ရှားလှသည့် ကျိုက္ခမီရေလယ်ဘုရားကျောင်းတော်ကြီးသည် သိမ်တော်ကြီး၊ ဇရပ်ကြီးများ၊ ဘုန်းတော်ကြီးကျောင်းနှင့် စောင်းတန်းများ ခြံရံလျက် ကြည်ညိုစဖွယ် တင့်တယ်စွာ စံပယ်လျက်ရှိနေပြန်သည်။

ဘုရားကြီး၏ မြောက်စူးစူးသို့ တစ်ဖန်မျှော်ကြည့်လိုက်လေလျှင် ကမ်းမမြင် လမ်းမမြင် ကျယ်ပြောလှသည့် ဘင်္ဂလားပင်လယ်အော်ကြီးကို ဆွတ်ပျံ့ဖွယ်မြင်တွေ့ရပေမည်။ လက်ယာဘက်သို့ အနည်းငယ်ကြည့်လိုက်ပြန်လျှင် မှိုင်ညို့ညို့ ထင်နေသည့် ဘီးလူးကျွန်း၊ ချောင်းဆုံမြို့နယ်မှ တောင်တန်းကြီးများကိုလည်းကောင်း၊ မော်လမြိုင်၊ မုဒုံရှိ တောင်တန်းတောင်စွယ်များကိုလည်းကောင်း လှပစွာမြင်တွေ့ရပေမည်။ ထို့အတူ အနောက်တောင်ဘက်သို့ ကြည့်လိုက်ပြန်လျှင် စိမ်းစိုမှိုင်းညို့နေသည့် ကျွန်းကလေးတစ်ကျွန်းကို လှမ်း၍မြင်နိုင်ပေသည်။ ထိုကျွန်း၏ အလယ်တွင် ကောင်းကင်သို့ ထိုးထွက်နေသော မီးပြတိုက်ကြီးမှာ ကျွန်းကလေးနှင့် ပနံရလှသည်။ တစ်ဖန် ကမ်းခြေအစပ် ကုန်းမြေမြင့်ဆီသို့ ကြည့်လိုက်ပြန်လျှင် ထုံးဖွေးဖွေးနှင့် ဘုရားစေတီများ၊ ကိုယ်ပွားတော် ဂန္ဓကုဋီတိုက်သစ်ကြီးနှင့် သာသနိကအဆောက်အအုံများကို မြင်တွေ့ရမည်ဖြစ်ရာ ကျိုက္ခမီငွေသောင်ယံ၏အလှကို ပို၍တိုးလာအောင် အနားသတ်ထားသကဲ့သို့ ရှိနေပြန်သည်။ ဤကမ်းခြေအလှသဘာဝသည်ပင် တစ်ချိန်က ကျိုက္ခမီမြို့ကို လေညင်းခံရာမြို့တစ်မြို့ အဖြစ် ကျော်ကြားကာ လူသိများစေရန် ဆွဲဆောင်ကြော်ငြာပေးနေသကဲ့သို့ ရှိချေသည်။ ထိုသို့သော် ကျိုက္ခမီငွေသောင်ယံ၏ အလှအပရတနာများသည် ကျိုက္ခမီရေလယ်ဘုရားကြီး၏ တန်ခိုးတော်၊ ဘုန်းတော်ရိပ်တွင် ခိုလှုံလျက် ရာမညဒေသ မွန်ပြည်နယ်၏ ဂုဏ်ယူဖွယ်သမိုင်းဝင် ဌာနတစ်ခုအဖြစ် ထာဝရ ရပ်တည်လျက် ရှိနေချေပြီးတကား။

Credit to "ကျိုက္ခမီမြို့ ရေလယ်ဘုရားကြီးသမိုင်း" စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်သည်။
ကျိုက္ခမီမြို့သူကျောင်းဆရာမ မသန့်ဇင်ဦး အကူအညီဖြင့် ကိုလင်းနိုင်ဦး စာပြန်ရိုက်ကူးဖော်ပြခြင်းဖြစ်သည်။


Yelepaya Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း(ZA RA MAN)
Yelepaya Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း(ZA RA MAN)
Yelepaya Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း(ZA RA MAN)
Yelepaya Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း(ZA RA MAN)
Yelepaya Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း(ZA RA MAN)
Yelepaya Beach
ဓါတ်ပုံ - မူရင်းရိုက်သူ
Yelepaya Beach
ဓါတ်ပုံ - မူရင်းရိုက်သူ
Yelepaya Beach
ဓါတ်ပုံ - မူရင်းရိုက်သူ
Yelepaya Beach
ဓါတ်ပုံ - Kha Main
Yelepaya Beach
ဓါတ်ပုံ - Kha Main
Yelepaya Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း(ZA RA MAN)
Yelepaya Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း(ZA RA MAN)
Yelepaya Beach
ဓါတ်ပုံ - မူရင်းရိုက်သူ
Yelepaya Beach
ဓါတ်ပုံ - High Fly
Yelepaya Beach
ဓါတ်ပုံ - High Fly
Yelepaya Beach
ဓါတ်ပုံ - High Fly
Yelepaya Beach
ဓါတ်ပုံ - High Fly